Saturday, 11 February 2012
ပေါင်ပေါင်သတ္တိခဲ (၁)
ပေါင်ပေါင်သတ္တိခဲ (၁)
ခေါင်းစဉ်က “ ပေါင်ပေါင် သတ္တိခဲ ” ဆိုတော့ ပေါင်ပေါင် သတ္တိရှိတဲ့ အကြောင်း ကိုပြောချင်တာလား လို့မေးစရာရှိတာပေါ့ ။ အမှန်ကတော့ ခေါင်းစဉ်က ရွဲ့ပြီးပေးထားတာပါ ။ သူရဲဘောကြောင်တဲ့သူတွေကို ဘေးလူတွေက “ အောင်မလေး တော်တော် တော်တဲ့ သတ္တိခဲပဲ ” လို့ ပြောင်လှောင် ရွဲ့ စောင်း ချိတ်ဆက် ကဲ့ရဲ့တတ်ကြတာ ကြားဖူးကြရဲ့ မဟုတ်လား ။ အခုလဲ တကယ်ပြောမှာက ပေါင်ပေါင်သတ္တိမရှိတဲ့ အကြောင်းပြောမှာပါ ။
သတ္တိဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းရှင်းမပြတတ်ပါဘူး ။ အဘိဓာန်မှာ ဘယ်လိုဖွင့်ဆိုမှန်းလဲ ( အခု ဒီစာရေးနေတဲ့ ၂၀၁၂ ဖေဖ၀ါရီလအထိ ) တစ်ခါမှရှာဖွေမကြည့်မိဖူးပါဘူး ။ ဒါပေမဲ့ ဆိုလိုချက်ကတော့ မကြောက်တတ်ရင်သတ္တိရှိလို့ပဲလို့  အဲ့ဒီလို ခပ်လွယ်လွယ်မှတ်ထားလိုက်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းများဆိုတာကို ဖတ်ကြည့်မိလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း မေးတဲ့သူတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ( ၂၀၁၀ မတိုင်ခင် န၀တ နအဖ အစိုးရများလက်ထက်က ) အာဏာဖီဆန်တဲ့ အပြုအမူတွေ လုပ်ဆောင်နေတာ မိမိအပေါ် အန္တရာယ်ရှိလာမှာ မကြောက်ဘူးလား လို့  ( အတိအကျ မဟုတ်ပေမဲ့ ဒီသဘော ) မေးလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလို  ပြန်ဖြေပါတယ်တဲ့ ။ သူလဲ လူထဲက လူပဲဖြစ်လို့ ကြောက်စရာရှိရင်ကြောက်ပါကြောင်း ၊ သို့ သော်လည်း ကြောက်ကြောက်နဲ့ပဲ မှန်ရာကိုလုပ်ပါကြောင်း ၊ သတ္တိဆိုတာ မကြောက်တာကိုခေါ်တာ မဟုတ်ပါကြောင်း ၊ ကြောက်သည့်တိုင်အောင် မှန်ရာကို လုပ်ရဲပြောရဲတာကမှ တကယ့်သတ္တိဖြစ်ကြောင်း ၊ ကြောက်တဲ့ကြားထဲက ဒူးတုန်တုန်နဲ့  မှန်ရာကို လုပ်ဝံ့ သူကို တကယ်သတ္တိရှိသူလို့ပြောရမှာဖြစ်ကြောင်း စသဖြင့်  ( အတိအကျ မဟုတ်ပေမဲ့ ဒီသဘော )  ပြန်ဖြေသွားပါတယ် ။
ပေါင်ပေါင်လဲ ဒီဖွင့်ဆိုရှင်းပြချက်ကလေးကို သဘောကျမိပါတယ် ။  သြော် ဒါက ပေါင်ပေါင့်အနေနဲ့ သတ္တိရှိခြင်း မရှိခြင်းဆိုတဲ့ သဘောတရား အပေါ် ကြိုက်မိတဲ့အယူအဆလေးကို ပြောပြတာပါ ။ အခု တကယ်ပြောချင်တာက ဒီသဘောတရားကိစ္စ မဟုတ်ပါဘူး ။
 တကယ်ပြောမှာက ပေါင်ပေါင်သတ္တိမရှိတဲ့ အကြောင်းပြောမှာပါ ။ ပြောရမဲ့ အကြောင်းကလည်း တိုက်ဆိုင်လာတယ်လေ ။ ဖြစ်ပုံက ဒီလို  ။
တစ်လောက အွန်လိုင်းမှာ ပေါင်ပေါင် ဒီလကုန် ( ၂၀၁၂ ဖေဖ၀ါရီလကုန် ) သင်္ဘောကနေ ပြန်ဆင်းပြီး ရန်ကုန်ပြန်လာတော့မယ်ဆိုတာကို အွန်လိုင်းမိတ်ဆွေတွေဆီကို အကြောင်းကြားရင်း ပြန်ရောက်တဲ့အခါ အွန်လိုင်း ပရဟိတလုပ်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ အကြောင်းကို ပြောလိုက်မိပါတယ် ။ ဒီတော့ aurorageneration@googlegroups.com ဆိုတဲ့ မေးလ်ဂရုက မိတ်ဆွေ တစ်ယောက်က သူတို့အနေနဲ့ ဟိုးအရင်ကတည်းက အွန်လိုင်းအဖွဲ့လေးဖွဲ့ပြီး ပရဟိတ လုပ်ဖူးပါတယ်ဆိုတဲ့အကြောင်း ပြောပြလာတယ် ။ သူပြောသွားတဲ့ ကိစ္စက စိတ်ဝင်စားစရာပါပဲ ။ သူတို့  စလုပ်ဖြစ်တဲ့ အလုပ်က သွေးလှူတာပါတဲ့ ။ အွန်လိုင်းမှာ အခု သွေးလှူတဲ့ အဖွဲ့တွေ မြင်ဖူးတာရှိပါတယ် ။  အများအားဖြင့် အွန်လိုင်းမှာ ချိတ်ဆက်မိတဲ့ လူငယ်တွေက အပြင်မှာ တွေ့ဆုံကြပြီး သတ်မှတ်နေ့ရက် အချိန်တစ်ခုခုမှာ စုပေါင်းပြီး တစ်နေရာရာမှာ သွေးသွားလှူကြတာမျိုးပါ ။ အခု သူတို့အဖွဲ့လေး လုပ်ခဲ့တဲ့ သွေးလှူပုံကတော့ အွန်လိုင်းကလူတွေ အပြင်မှာ တွေ့ပြီး စုပေါင်းပြီး သွေးလှူတာမျိုးမဟုတ်ဘဲ ။ သတ်မှတ်ကာလအတွင်းမှာ မိမိဖာသာ တစ်ဦးချင်းဆီ သတ်သတ်ဆီ သွေးသွားလှူကြပြီး သွေးလှူထားတဲ့ အထောက်အထားစာရွက်စာတန်းတွေကို စကန်ဖတ်ပြီး အဖွဲ့ထဲမှာ သာဓုခေါ်နိုင်အောင် အီးမေးလ်နဲ့  ပြန်ဖြန့်ဝေတာမျိုးပါတဲ့ ။ ဆန်းတော့လဲ အဆန်းပဲနော် ။ အခုတော့ အဲ့ဒီအဖွဲ့လေးလဲ မရှိတော့သလို အဖွဲ့ကလူတွေလဲ တစ်ကွဲတစ်ပြားဖြစ်ကုန်ပါပြီတဲ့ ။ အခုတော့ သွေးအလှူလိုအပ်ရင် မေးလ်ဂရုကိုဆက်သွယ်ပါဆိုပြီး ပြောလာတာပါ ။
အဲ့လို သူများတွေ သွေးလှူတာနဲ့ ပေါင်ပေါင် သတ္တိမရှိတာ ဘာဆိုင်လဲလို့ မေးတော့မလို့လား ။ ဆိုင်တဲ့ အခန်းလာပါပြီ ။ စောစောက မိတ်ဆွေက အဲ့လို သူတို့ သွေးလှူတဲ့အကြောင်း ပြောလာတော့ ပေါင်ပေါင်လဲ ပေါင်ပေါင်နဲ့ သွေးလှူခြင်းကိစ္စ  အစေးမကပ်ခဲ့ပုံကိုပြန်တွေးမိပါတယ် ။
ဒီလိုပါ ။ ပေါင်ပေါင့်အနေနဲ့ သူများတွေ သွေးလှူတာတော့ အများကြီး သာဓုခေါ်ပါတယ် ။  ပေါင်ပေါင်ကတော့  ကိုယ်တိုင်မလှုတာတောင်  ငွေအား လူအား
ကူညီကောင်း ကူညီဖို့  မျှော်လင့်ပါတယ်  ။ တတ်နိုင်သလောက်ပေါ့ ။အများကြိးလဲတတ်နိုင်ပါဘူး ။ သွေးကိုကိုယ်တိုင်လှူဖို့ ကတော့ ငယ်ငယ်ထဲက
“အပ်” ဆိုသိပ်ကြောက်တာ ။  သာမာန်ကြောက်တာမဟုတ်ဘဲ စိတ်ရောဂါဆန်ဆန်ကိုကြောက်တာ။
စိတ်ရောဂါတွေ ထဲမှာ အချွန်ကြောက်တဲ့ ရောဂါ ၊ အမြင့်ကြောက်တဲ့ ရောဂါ ၊ အမှောင်ကြောက်တဲ့ရောဂါ ၊ စတဲ့ အလွန်အကျွံ ကြောက်တဲ့ရောဂါတွေကို ဘာဖိုးဘီးယား ။ ညာဖိုးဘီးယား စသဖြင့် ရောဂါနံမယ်တွေ ရှိကြပါရောလား ။ ( သူတို့  ဆေးပညာအခေါ်တွေ တော့ မခေါ်တတ်ပါဘူး ။ မှတ်လဲ မမှတ်မိဘူး ။ ကိုယ်ကလဲ ဦးဏှောက်က ခပ်ကောင်းကောင်းဆိုတော့ ။ )
ပေါင်ပေါင် ငယ်ငယ်ကနေ တော်တော်အသက်ကြီးတဲ့အထိ ဆေးခန်းမှာ ဆေးထိုးတတ်တဲ့ ဆရာဝန်ဆိုသိပ်မုန်းတာ ။  ဖြစ်ချင်တော့ အမေ့ဦးလေး ဆရာဝန်ကြီးတစ်ယောက် မြို့ သစ် ဘက်မှာဆေးခန်းဖွင့်ထားတာရှိတယ် ။ ပေါင်ပေါင်တို့နဲ့ဆို အဘိုးလေး တော်မှာပေါ့။ အမေကလဲ ငယ်ငယ်ထဲက ပေါင်ပေါင်တို့ မောင်နှမတွေ ကျန်းမာရေးနဲ့ပါတ်သတ်လို့ တစ်ခုခုဆို တခြားဆေးရုံဆေးခန်း မသွားဘဲ သူ့ ဦးလေးဆီ အရင်ဆုံးတန်းပြေးတာပဲ ။ တစ်လောကလုံးမှာ အထူးကုတွေ ဒီလောက်များနေတာကို သူ့ ဦးလေးတစ်ယောက်ပဲ ဆရာဝန်ရှိတယ် မှတ်နေသလားမသိဘူး ။ အစွဲပေါ့ ။ အမေတို့က နယ်ဘက်က ဇာတိဆိုတော့ အဲ့လို အစွဲမျိုး ပိုကြီးတတ်ကြတယ် ထင်ပါရဲ့ ။ ဆွေမျိုးဆိုတော့ အားကိုးတာလဲပါတာပေါ့ ။ ဆွေမျိုးထဲမှာလဲ အဘိုးလေးအပြင် တခြားဆရာဝန်တွေ မရှိတာတော့မဟုတ်ပါဘူး ။ ဒါပေသိ ရှေးလူကြီးတွေလဲခက်တယ် ။ အမေတို့ မောင်နှမတွေ လက်ထက်ကတည်းက နှာစီး ချောင်းဆိုးက အစ ကြီးကြီးမားမားထိ ဒီဦးလေးဆီမှာပဲ အကုခံလာရတော့ ဒီဦးလေး ဆရာဝန်ကြိးက ကြည့်တာ ခံလိုက်ရမှ ၊ နားကြပ်ကလေး ဟိုထောက်ဒီထောက် ၊ မျက်လုံးလေး ဟိုဖြဲဒီဖြဲ ၊ လျှာလေး ဟိုထုတ်ဒီထုတ် မှ မလုပ်လိုက်ရရင် မကျန်းမာတော့ဘူးလို့ အောက်မေ့ တော့တာကိုး ။  ဖြစ်ချင်တော့ ဒီအဘိုးလေးတော်တဲ့ ဆရာဝန်ကလဲ ရှေးဆရာဝန်ကြီး ဆန်သလိုပဲ ။ အမေတို့ကတော့ “ သမားဆို အိုမှ ” ဆိုတာ လက်ကိုင်ထားကြတယ်လေ ။ အဲ့တာက အရေးမကြီးဘူး ။ ဒီ ဆရာဝန်ကြီး တို့ခေတ်က လူနာတွေက ဆေးစားဖို့ ထက် ဆေးထိုးဖို့ ကို ပိုလိုလားကြသတဲ့ ။ ဆေးထိုးခံလိုက်ရမှ သက်သာတယ်ထင်ကြတာတဲ့ ။ ရှေးက သမ၀ါယမ ဆေးခန်းမှာဆို ဆရာဝန်က မလိုအပ်လို့ ဆေးမထိုးပေးရင်တောင်လူနာက မကျေနပ်လို့ အတိုင်ခံရတာတဲ့ ။ ဒီတော့ လူနာကျေနပ်အောင် စတိသဘော မိုးရေတော့ ထိုးပေးကြတယ်ဆိုပဲ ။ ကြားဖူးတာ ပြောတာပါ ။ မှားရင်လဲ ဘွာတေး ။
အမေ့ ဦးလေး ကလဲ ဆေးထိုးဖို့ ဆို လာထားဆိုတဲ့ ဆရာဝန်ကြီးလေ ။ အခု ခေတ်လို ကူးစက်ရောဂါတွေ ဘာတွေ နဲ့ မလိုအပ်ဘဲ ဆေးမထိုးသင့်ဘူး ဘာညာဆိုတာ ခေတ်မစားကြသေးလို့  ထင်ပါရဲ့ ။ သူ့ ဆေးခန်းထဲဝင်လိုက်တာနဲ့ လူနာကို ဆေးထိုးနေတာ တန်းတွေ့ရတော့တာပဲ ။ ၀င်ဝင်ချင်း ဆေးထိုးအပ်ပြုတ်ထားတဲ့ မြင်ကွင်းတွေ ဆေးနံ့ တွေက အော်ဂလီဆန်ချင်စရာ ။ တစ်ခါသုံးအပ် ယဉ်ကျေးမှုလဲ အဲ့ဒီအချိန်က အဲ့ဒီ မြို့ သစ်မှာ ခေတ်မစားသေးတာနေမှာ ။ ရှိတဲ့ အပ်ကိုပဲ ပြုတ်သုံးနေတာတွေ့တာပဲ။
ပေါင်ပေါင်တို့ တစ်ခုခုများဖြစ်ပြီဆို အမေက အဲ့ဆေးခန်းခေါ်သွားရော။ ဟိုရောက်တော့ ဘာမပြော ညာမပြော ဆေးတန်းထိုးတော့တာ ။ ဆေးထိုးကလဲ ကြမ်းချက် ။ တစ်သက်လုံး အပ်ဆို ကြောက်ပါပြီဆိုပြီး ဖြစ်လာတာသာ ကြည့်ပေတော့ ။
အလယ်တန်း ကျောင်းသားအရွယ်ထိ အဲ့ဆေးခန်းရှေ့ကဖြတ်လျှောက်ရင် အာပြဲနဲ့ အော်ငိုတာပဲ ။ အဲ့လို အပ်ကို ရာဇ၀င်နဲ့ ချီပြီး ကြောက်ခဲ့တာလေ ။
နောက်တစ်ခု ပြောရမှာက ပေါင်ပေါင့်အမေက သွေးလှူတာအကြိမ်များလို့ သွေးလှူဘဏ် က ရင်ထိုးလား တံဆိပ်လား ဂုဏ်ပြူလွှာလား ရဖူးတယ်
။ သေချာတော့ မမှတ်မိဘူး ။ ခုတော့အသက်ကြိးလို့ ( သတ်မှတ်အရွယ် ကျော်သွားလို့  ) မလှူတော့ဘူးတဲ့  ။ အရင် အမေသွေးလှူပြီး ပြန်လာရင် သူသွေးလှူတဲ့ နေရာက ရလာတဲ့ မှတ်တမ်းကဒ်ပြားလေး ( ခေါက်ထားတဲ့ ကဒ်ထူပြားလေး ) မှာ အသဲပုံ အနီနဲ့ အဖြူ ထပ်ထားတဲ့တံဆိပ်လေးတွေ တိုးတိုးလာတာကို ပြတတ်တယ် ။ သွေးလှူတာ အရမ်း ကုသိုလ်ရတဲ့ အကြောင်းရှင်းပြတယ် ။ အမေက သူ့ ဖာသာသူ သွေးလှူယုံတင်မကဘူး ။ ကျနော့ကို လှုဖို့ ပြောဖူးတယ် ။ သွေးလှူရင် လျော့သွားတဲ့သွေး
အသစ်ပြန်ဖြစ်တာလဲသိပါရဲ့ ။ ဇီဝိတ ဒါန ကုသိုလ်ရတာလဲ သိပါရဲ့ ။ အပ်ကြိးတန်းလန်းနဲ့ သွေးလှူရမှာကို ခံစားလို့ကိုမရဘူး ။  အမေ့ကို
အပြတ်ပြောလိုက်တယ် ။ လိုချင်ရင် မေ့ဆေးပေးပြီး ဖြစ်ဖြစ် ။ သတိလစ်အောင် ရိုက်ပြီးဖြစ်ဖြစ် မေ့မျောနေချိန်မှာသာ လိုသလောက်သွေးကို
ထုတ်သွားကြပေတော့လို့ ။ ဒီတိုင်းတော့ အပ်နဲ့ ဖောက်မယူရင်ပြီးရော ကြိုက်သလိုလုပ်လို့လေ ။ သွေးမပေးချင်လို့ ကတ်စီးနဲလို့ မဟုတ်ဘူး ။ အပ်ကြောက်လို့ မလှူရဲတာလေ ။ အမေက ဆူလိုက်တာ ။ သတ္တိ ကြောင်လို့တဲ့ ။ နင်တို့ကိုမွေးတုန်းက ငါ့မှာ သွေးကိုဖောက်လိုက်ရတာ ဆေးတွေလဲ ထိုးလိုက်ရတာ လက်ကို စကာပေါက်
ဖြစ်ကရောတဲ့ ။ ဂျင်မခါနာမှာ ပုဇွန်တုန်ကွေးကွေးပြီး ကျောရိုးချဉ်ဆီဖောက်တာပြောပြတော့ နားထောင်နေရင်း ကိုယ်ပါနာလာလို့ ဆက်မပြောနဲ့တော့ဆိုပြီး နားပိတ်ထားလိုက်တယ် ။ အမေက ပြောသေးတယ် ။ နင် နိုင်ငံခြား စစ်တိုက်တဲ့ကားတွေကြည့်စမ်းတဲ့ ။ လက်ပြတ် ခြေပြတ် သွေးတွေ အများကြီးထွက်တာ တွေ့လားတဲ့ ။ ဒါတောင်သူတို့  မကြောက်ဖူးတဲ့ ။ နင့်ကို အပ်သေးသေးလေးနဲ့ဖောက်တာ ဘာကြောက်စရာရှိလဲတဲ့ ။ ပြောလိုက်တယ် ။ အဲ့ဒီ မကြောက်တဲ့သူတွေကို သွားဖောက် လို့  ။ ကျနော်ကတော့ အမေ ပြောချင်တာပြော အသားနာခံပြီး မလှုဘူးပဲ ။ ဒါကြောင့် လှူနိုင်သူတွေကို ချီးကျူးပါတယ် ။ သိပ်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ် ။
ပေါင်ပေါင် အပ်ကြောက်တတ်တာနဲ့ပါတ်သတ်လို့ ပြောရဦးမယ် ။  ပေါင်ပေါင် ကလေးဘ၀က ပေါ့ ။ နဲနဲတောင် ကြီးကောင်ဝင်နေပြီ ။ ( ကန်တော့ပါရဲ့ ) ဖင် ( စအိုဝ ) မှာ ခွဲစိတ်ကောင်း ခွဲစိတ်ရမဲ့ ကိစ္စတစ်ခု ဖြစ်လာပါလေရော ။ အဲ့ဒီအချိန်က သတ်မှတ်ထားတဲ့ အသက်အရ ကလေးဆေးရုံတက်ရတယ် ။ ကလေးဆေးရုံက သတ်မှတ်အရွယ်ထဲမှာ ကိုယ်က အကြီးဆုံးပဲ ။ ကျန်တာက ကိုယ့်ထက်ငယ်တဲ့ ကလေးပုတုကွေးတွေချည်းပဲ ။ မှတ်မိသေးတယ် ဆရာဝန်ကြီးက ဒေါက်တာအေးမောင်ဟန် ။ကိုယ် အင်မတန် မလုပ်ချင်ပါသော သွေးစစ် ဆေးစစ်တွေ လဲ လုပ်လိုက်ရတာ မပြောနဲ့ ။
( ဆေးရုံအတွေ့အကြုံကို ဆက်ရေးပြဖို့အတွက်ကတော့ ကျန်းမာရေးဆိုင်ရာဆိုတော့  စကားလုံးနဲနဲ ညစ်ပတ်တာမျိုး (သို့ )အသုံးအနှုန်း မတတ်တာမျိုးကြောင့် အဆင်မပြေခဲ့ရင် ကြိုတောင်းပန်ပါရစေ။ )
ခွဲစိတ်ခန်းဝင်မဲ့ နေ့ မတိုင်ခင်ညက ဘာမှ မစားရဘူးဆိုတာ မှတ်မိတယ် ။ နောက်နေ့ မနက်မှာ ဆေးရုံက နတ်စ်မ က ဆေးရုံအိမ်သာအနီးက သံကုတင်ပေါ် ခေါ်ပြီး မှောက်ယက်အိပ်ခိုင်းတယ် ။ သူတို့ခေါ်ရင် ဆေးများ ထိုးတော့မလားဟဲ့ဆိုပြီး ကြောက်နေရတယ် ။ ဒါနဲ့ ပြီးတော့ နတ်စ်မ က ဖင်ထဲကို အလုံးခပ်ကြီးကြီး ပိုက်ကြီးထိုးထဲ့ပါလေရော။ ဘာများလုပ်တာလဲပေါ့ ။ ကိုယ့်အသားထဲကို အပ်နဲ့မထိုးရင်ပြီးရော ။ ဖင်ထဲပိုက်ထဲ့တာကတော့ သိပ်မကြောက်ပါဘူး ။ အဆုံးထိ ထိုးထဲ့တာမှ မဟုတ်ဘဲ ။ အ၀လောက်မှာပဲ ထဲ့တာပဲ ကိုး။ သိပ် မနာပါဘူး ။
ပိုက်ရဲ့ အ၀တစ်ဖက်ကို စအိုဝမှာ စွပ်ထားပြီး နောက် ပိုက်တစ်ခုရဲ့အ၀မှာ ဆီတွေ ဘာတွေ ပုလင်းထဲထည့်ရင်သုံးတဲ့ ကန်တော့ကြီး တပ်လိုက်တယ် ။ ပြိးတော့ ဘေးမှာ လက်ဆေးဇလုံ အကြီးစားလောက်ရှိတဲ့ ဇလုံထဲမှာ အသင့်ဖျော်ထားတဲ့ ဆပ်ပြာရည်တွေကို ကန်တော့ကတစ်ဆင့် ပိုက်ထဲကို လောင်းထဲ့ပါလေရော။ ပိုက်ရဲ့ တစ်ဖက်အ၀က ဆပ်ပြာရည်တွေက စအိုထဲကို ဒလဟောဝင်လာတာပေါ့ ။ ဒါတောင် ဆပ်ပြာရည်အကုန်မ၀င်ဘဲ ဘေးလျှံကျနေလို့  သူနာပြုဆရာမက ပိုက်ကို စအိုထဲသေချာ fix ဖြစ်အောင် ပြန်ထိုးထဲ့သေးတာ ။  ဆပ်ပြာရည်တွေ လောင်းထဲ့ လိုက်တိုင်းအေးခနဲနေတာပဲ ။ တစ်ခါမှ အဲ့တာမျိုးမကြုံဖူးတော့ အီလည်လည်ကြီးပေါ့။ အရင်က စအိုဝဆိုတာကနေ အထွက်ပဲရှိခဲ့တာ ။ အခုတော့ ဒါရိုက်ရှင်ပြောင်းပြန် အ၀င်ဆိုတော့ ခံရခက်တာပေါ့ ။ နောက်တော့ အူလမ်းကြောင်းတစ်လျှောက် တင်းသလိုလို ကျပ်သလိုလို နဲ့ ဗိုက်ထဲက ကွိကွိ မြည်လာပြီး ၀မ်းသွားချင်လာရော။ အဲ့တော့မှ အနားက အိမ်သာထဲပြေးဝင်ရတာ ။ နောက်မှ သဘောပေါက်တယ် ။ သြော် ခွဲစိတ်ခါနီးလို့ ငါ့ ကို ၀မ်းချုနေတာကိုး လို့  ။ လူကြီးတွေကလည်း ကြိုမပြောဘူး ။  ကြောက်တတ်မှန်းသိလို့ တဲ့  ။ ဘာမှန်းမသိတာက ပိုကြောက်ဖို့ မကောင်းပေဘူးလား နော့  ။ ထားပါတော့ ။
အဲ့လိုနဲ့ ခွဲခန်းထဲဝင်ဖို့  ခွဲစိတ်အကျီ င်္ဝတ်ပြိးစောင့်ရတယ် ။ အဲ့ဒီ အကျီ င်္ကိုဘာခေါ်လဲတော့မသိဘူး။ ဂျူတီကုတ်လို အကျီ င်္လက်ရှည်ကို နောက်ပြန်စွပ်ထားရတဲ့ဟာကြီးလေ ။ ကျောနဲ့ နောက်ပိုင်းနေရာက ဟောင်းလောင်းပေါ့ ။ မြင်ဖူးကြတယ်မဟုတ်လား။ အဲ့မှာ ပြဿနာက စတော့တာပဲ ။ ခွဲစိတ်ခန်းထဲကို ၀င်ဖို့  အ၀မှာ ဘာမှန်းမသိတဲ့ ဆေးတစ်လုံး တင်ပါးကိုထိုးရမတဲ့ ။ အပ်ကလဲ အကြီးကြီး ကြောက်စရာကြီး ။ ကလေး နံမယ်တွေ အလှည့်ကျခေါ်ပြီး ထိုးပေးနေတာတွေ့တယ် ။
ကိုယ့်အလှည့် တကယ်လဲရောက်ရော ။ ဘာပြောကောင်းမလဲ ။ ဆေးရုံတစ်ခုလုံး ကျွက်ကျွက်ညံသွားတာပေါ့ ။ သူနာပြုတွေကပြောတယ် ။ သြော် အသက်အကြီးဆုံးက သတ္တိခဲပါလားတဲ့ ။ သတ္တိဆိုတာ ဆေးထိုးခံရဲတာ မရဲတာနဲ့တိုင်းလို့ရလားမသိဘူးနော်။ ထားပါတော့ ။ ဟိုး ဘုရင်တွေခေတ်ကတော့ လက်မမှာ သံစိုက်ပြီး တူနဲ့ထုတာကို နောက်မတွန့် တဲ့သူကမှ  သတ္တိရှိတဲ့ သူရဲကောင်းဆိုပြီး သူရဲကောင်းရွေးချယ်ပွဲတွေလုပ်တယ်ဆိုကိုး ။  သူရဲကောင်းဘွဲ့ ရပြီးမှ မေးခိုင်ပိုးဝင်ပြီး ဘယ်နှစ်ယောက် လျှောသွားလဲဆိုတော့ သမိုင်းထဲမသင်လိုက်ရတော့ မသိလိုက်ဘူးရယ်လေ ။
တိုတိုပြောကြရရင် ခွဲခန်းထဲရောက်ကရောဆိုပါတော့ ။ ဆရာဝန်ကြီးက ခွဲစိတ်ခန်းထဲဝင်လာပြီး ကလေးဆိုတော့ မကြောက်အောင် ဟိုပြောဒီပြော ပြောရင်း လိုအပ်တာတွေ ပြင်ဆင်နေတုန်း သူ့ ဘေးက အကူဆရာဝန်တစ်ဦးက ဆေးထိုးအပ်ပြင်နေတာတွေ့ပြန်ရော ။ ဟိုက် ထိုးဦးမယ်တဲ့ ။ သေပြီးဆရာ. ။ ဒီတစ်ခါတော့ မငိုတော့တဲ့အပြင် ဒေါသထွက်ချင်သလိုလို အရွဲ့ တိုက်ချင်သလိုလို ကြီး ဖြစ်သွားတာရယ်။ ရဲရဲတောင် စကား ဟဟ မပြောရဲတဲ့ အထူးကုဆရာဝန်ကြီးကို အသံကျယ်ကျယ်နဲ့ မေးလိုက်တယ် ။ “ဆရာကြီး အဲ့ဒီ အပ်ကြီးက ဘာလဲ ” လို့  ။ ဆရာဝန်ကြီး ရုတ်တရက်ကြောင်သွားတယ် ။ ပြီးမှ “သားကို မေ့ဆေးထိုးမလို့ လေ ” တဲ့ ။ 
အဲ့ဒီတော့မှ ဘယ်က ဘယ်လို သတ္တိတွေ ၀င်နေလဲမသိပါဘူး ။  ခပ်တည်တည်ပြောလိုက်တယ် ။ “ အဲ့ဒါနဲ့မထိုးဘဲ မေ့ဆေးပေးလို့ မရဘူးလား ” လို့  ။
ဆရာဝန်ကြိးက ရယ်တယ် ။ နောက်တော့ ပေါင်ပေါင့်ကို ဆေးမထိုးတော့ပဲ နှာခေါင်းနဲ့ပါးစပ်ကို အစွပ်ကြီးနဲ့စွပ်လိုက်တယ် ။ အသက် ပြင်းပြင်းရှုတဲ့ ။ မေ့ဆေးရှုခိုင်းတာပေါ့ ။  
(ဆက်ရန်)
No comments: