Monday, 13 February 2012
ပေါင်ပေါင်သတ္တိခဲ (၂ )
မေ့ဆေးရှုဆိုတော့ အားရပါးရကိုရှုချပလိုက်တယ် ။ တော်ကြာ ရှုဆေးနဲ့မမေ့သွားရင် ဆေးထိုးနေမှာစိုးလို့ လေ ။ ၂ခါပဲ ရှုလိုက်ရတယ် ။ နားထဲမှာ ၀ီ ၀ီ မြည်လာပြီး မသိတော့ဘူး ။ နောက်ပြန်သတိရလာတော့  ခွဲခန်းအပြင်ပြန်ရောက်နေဘီ ။ ဘာမှ မခွဲစိတ်လိုက်ရဘူးတဲ့ ။ ဖြစ်တဲ့ ပြဿနာက ခွဲဖို့မလိုဘူး ။ ဆရာဝန်ကြီးတွေက ဒီတိုင်း အထဲကို ဖြဲကြည့်ပြီး ပြန်လွှတ်လိုက်တာတဲ့ ။ ကောင်းရော။ ဒီမှာတော့ ခံလိုက်ရတာ ။ ထိုးဆေးကြောက်လို့သာ ရှုဆေးရှုလိုက်ရတာ ။ သတိရလာတော့ မေ့ဆေးနံ့ ကြီး မပြယ်သေးဘဲ ခေါင်းတွေမူးပြီး အန်လိုက်တာ ဆိုတာ ၂ ရက်လောက် ရှိမယ် ။ ကိုယ့်ခုတင် ဘေးက ကိုယ့်ထက်အရင်ခွဲခန်းထဲဝင်ပြီး ထိုးဆေးနဲ့မေ့ တဲ့ ကလေးက သတိရလာတော့ ဆော့တောင်နေဘီ ။ ထိုးဆေးက  အဲ့လို အော့ဟယ် အန်ဟယ် မဖြစ်ဘူးထင်တယ် ။ မတတ်နိုင်ဘူး ။ အန်ကာမှအန်ရော့  ။ ဆေးမထိုးလိုက်ရတာပဲ ကျေနပ်ပါတယ် ။
ဒီနေရာမှာ ပြောချင်တာက အဲ့လိုပေါင်ပေါင်ခွဲခန်းထဲမှာ  ဆရာဝန်ကြီးကို ဆေးမထိုးချင်လို့ ကွန်ပလင့် တက်တဲ့အကြောင်း အမေတို့ အစ်မတို့က ပြန်သိရော ။ အစ်မ အပျိုကြီးတွေ က ပေါင်ပေါင် ဘာလုပ်လုပ် အရမ်းအလိုလိုက်တာ ။မွေးချင်းထဲမှာ  ယောင်္ကျားလေးတစ်ယောက်ပဲပါတာကိုး ။ 
အစ်မက ပေါင်ပေါင့်ကို မဟုတ်က ဟုတ်က ရှာကြံပြီး ချီးကျူးရှာတယ် ။ ဆရာဝန်ကြီးကိုတောင် ပြောရဲဆိုရဲရှိတယ် ။ သတ္တိရှိတယ်တဲ့ ။ အမေကတော့ အပ်ကို ဒီလောက်ကြောက်ရပါ့မလားဆိုပြီး ။ နင် ယောင်္ကျားမဟုတ်ဘူးလား ။ သတ္တိကို မရှိဘူး တဲ့ ။  အဖြစ်အပျက် တစ်ခုထဲကိုတောင် ကောက်ချက် ၂မျိုးက ဆန့်ကျင်ဖက်ဖြစ်ပြိး ထွက်လာတတ်တာနော် ။ တစ်ယောက်က သတ္တိရှိတယ် တဲ့ ။ နောက်တစ်ယောက်က သတ္တိမရှိလို့တဲ့ ။ သတ္တိဆိုတာမျိုးက ရှုမြင်သူရဲ့ ချစ်ခြင်း မုန်းခြင်း အမြင် ရှုထောင့် စတဲ့ ကိုယ်ပိုင် စံပေတံ အတ္တတွေနဲ့လဲ ဆိုင်သေးလားမသိပါဘူး။ အမေပြောသလိုဆို ယောင်္ကျားဖြစ်ရင် အပ်မကြောက်ရတော့ဘူးလား ။ မဆိုင်ပါဘူးနော် ။ ယောင်္ကျားဖြစ်ခြင်း မဖြစ်ခြင်း နဲ့ အပ်ကြောက်ခြင်း မကြောက်ခြင်းက သတ်သတ်စီပဲမဟုတ်လား ။
ကံများ အံ့  သြစရာ။ ပေါင်ပေါင် အသက်ကြီးလို့  အလုပ်အကိုင်အရ သင်္ဘောသားလဲ ဖြစ်ရော ဖောက်လိုက်ရတဲ့ သွေး ။ စစ်လိုက်ရတဲ့ ဆေးဆိုတာမျန်း ။ အပ်နဲ့ ၂
ပါးသွားနေရတာပဲ ။ အစိုးရ ရေကြောင်းရုံးက သင်တန်း တစ်ခု တက်ရဖို့ရှိတိုင်း သတ်မှတ်ဆေးခန်းကိုသွားပါဆိုလို့သွားရ တာ သင်တန်းပေါင်း ဆယ်ခု ကျော်မလားပဲ။
တစ်ချို့ ကတော့လဲ ရုံးနဲ့ ဆေးခန်း ပေါင်းပြီး ရိုက်စားလုပ်သလားလို့တောင် တီးတိုးတီးတိုးသဖန်းပိုးကြတယ် ။ တကယ်သာ ရိုက်စားလုပ်ချင်တာဆို ငွေလိုချင်ရင် လိုသလောက် ပေးဖို့  ၀န်မလေးပေမဲ့ ခဏခဏ အပ်နဲ့ညားရတာကတော့ တော်တော် မချိမဆန့်ပါပဲ ။ အင်းလေ ရုံးက လိုအပ်လို့စစ်တာလို့ပဲ အကောင်းမြင်လိုက်ပါတယ် ။ နောက် သင်္ဘောကုမ္ပဏီကလဲ သူတို့  ပြည်ပက ပင်မ ကုမ္ပဏီ ရုံးချုပ်ခွင့်ပြုထားတဲ့ ဆေးခန်းမှာ စစ်ရမယ်ဆိုတော့ ထပ်စစ်ရပြန်ရော။ နောက်ကိုယ်တိုင်ကလည်း ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူတဲ့ အလေ့အထကို လုပ်တယ်လေ ။ ငွေချမ်းသာသူလဲမဟုတ်တော့ free သွေးစစ်လို့ရတဲ့ ၀န်ဆောင်မှု ပေးတဲ့ NGO တွေမှာ  ကိုယ့်မှာ STD လို
ကူးစက်ရောဂါမျိုး ရနိုင်တဲ့ အပြုအမူမျိုး တစ်ခါ ရှိပြီးတိုင်း ရော ။ ၆ လ ( သို့ ) ၃ လ တစ်ခါ ရော ဆေးစစ် နေလိုက် သေးတာ။
နောက်ပြီး ခုခေတ် ရောဂါဘယတွေကလဲ ထူပြောလာတေ့  ဘီပိုးကာကွယ်ဆေးလို ဟာတွေ ထိုးဟဲ့ နှံဟဲ့ဆိုပြန်တော့လဲ ဒါမျိုးက တစ်ကြိမ်နဲ့ပြီးတာ မဟုတ်မှန်း အားလုံးသိကြတဲ့အတိုင်းပဲပေါ့ ။ အဲ့ဒီလို အချိန်ကျမှ အပ်မြင်လို့ အာပြဲနဲ့အော်ငိုရင်လဲ ဘေးလူတွေက သောက်ပေါကြီးလို့ ပြောဥိးမယ်လေ ။
အဲ့ဒီတော့လဲ ကိုယ့်လက်ကို အပ်နဲ့ထိုးမဲ့ကိစ္စ မကြောက်ချင်ယောင်ဆောင်ပြီး ဟန်ကိုယ့်ဖို့ လုပ်ရပါလေရော။
ဒီနေရာမှာ ဆရာမင်းသိင်္ခရေးတဲ့ မနုစာရီဆိုတဲ့ ဂမ္ဘီရ၀တ္တုထဲက ဇာတ်ဝင်ခန်းတစ်ခုကို သတိရမိတယ်။ ၀တ္တုထဲမှာ မနုစာရီက ပညာရှိမင်းသမီးပေါ့။ ဗေဒင်တွေ လောကီပညာတွေ ကျွမ်းကျင်တယ် ။ မင်းသားက  ခတ္တိယ အနွယ်ဝင် မင်းမျိုးမင်းနွယ် သူရဲကောင်း ။ မောင်တော် အတိတျာ ဆိုလား ။  ( ရေးတဲ့စာက “ဘာဆိုလား” တွေ ၊ “ထင်တယ်” တွေများနေတော့ သိပ်တော့ ဖတ်လို့မကောင်းဘူး ။ ပေါင်ပေါင်ကိုယ်တိုင်က မှတ်ဥာဏ်သိပ်မကောင်းလို့ သည်းခံကြပါနော် ။ )
မောင်တော်အတိတျာရဲ့ ဆွေပုံမျိုးပုံ အလယ် နန်းရင်ပြင်မှာ ပညာရှိမင်းသမီး မနုစာရီ ပညာစွမ်းပြခန်း ဇာတ်ဝင်ခန်းပေါ့ ။ အမေးပုစ္ဆာတွေ ပြဿနာတွေ ဖြေရတာပေါ့ ။ တစ်ချို့ ပြဿနာတွေကိုလဲ မနုစာရီက အယူတော်မင်္ဂလာ လောကီပညာနဲ့ ဒက်ခနဲနေအောင် မှန်ကန်စွာ ဖြေလိုက်နိုင်တယ်ဆိုကြပါစို့ ။အဲ့ဒီထဲမှာ ခုထိ မှတ်မှတ်ရရဖြစ်နေတဲ့ မေးခွန်းလေးက “ လောကမှာ အကြောက်တတ်ဆုံးက ဘယ်သူတွေလဲ ” တဲ့ ။  မင်းသမီးက ပြန်ဖြေပါတယ် ။  အကြောက်တတ်ဆုံးသူက ဟောဒီနန်းရင်ပြင်မှာထိုင်နေကြတဲ့ ပရိတ်သတ် ဗိုလ်ပါတွေ ထဲက  ဗိုလ်မင်း ဗိုလ်ချုပ် တပ်မှုး တပ်ချုပ် သေနာပတိ စစ်သူကြီး သူရဲကောင်း တွေပါပဲတဲ့ ။ ဒီအဖြေကိုလဲ ကြားလိုက်ရော နန်းရင်ပြင်တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြတော့တာပေါ့ ။ တပ်မတော်က သူရဲကောင်း ဗိုလ်မင်းတွေကလည်း လူပုံလည်မှာ သူတို့ကို အရှက်ခွဲပါတယ်ဆိုပြီး ခံပြင်းဒေါသနဲ့ မကျေမနပ်ဖြစ်ကြတာပေါ့ ။ မောင်တော် သူရဲကောင်း အတိတျာကိုယ်တိုင် တော်တော် ကသိကအောင့်ဖြစ်သွားရတာပေါ့။
မင်းသမီးရဲ့ဖြေရှင်းချက်ကတော့ “ ဟောဒီ သူရဲကောင်းတွေဟာ သူရဲဘောကြောင်တဲ့ အလုပ်ကိုလုပ်ရမှာ အင်မတန်မှ ကြောက်ကြပါတယ်။ အများက သူတို့ကို သူရဲဘောကြောင်သူ ၊ ကြောက်တတ်သူ ၊ သူရဲကောင်းဘွဲ့နဲ့ မထိုက်တန်သူ လို့ သတ်မှတ်လိုက်မှာကို သူတို့ အသက်စွန့် ရမှာထက် ၊ သူတို့ အသက်သေရမှာထက်ပိုပြီး ကြောက်တတ်ကြပါတယ် ။ ” လို့ ( အတိအကျ မဟုတ်ပေမဲ့ ဒီသဘော ) ဖြေရှင်းလိုက်ပါတယ် တဲ့ ။ အဲ့ဒိတော့မှ မောင်တော် အတိတျာ အပါအ၀င် သူရဲကောင်း ဗိုလ်မင်းတွေလဲ ပြုံးနိုင်တော့တဲ့ ။ ဖတ်လို့ ကောင်းတဲ့  ဇာတ်ကွက်ကလေးပါပဲ ။ ဖတ်နေရင်းနဲ့ မနုစာရီရဲ့ မထင်မှတ်တဲ့ လှည့်ကွက် အပြုအမူကို စာဖတ်သူကိုယ်တိုင် 
အံ့ အားသင့်သွားစေရာက အကျိုးအကြောင်းဆီလျှော်တဲ့ ဖြေရှင်းချက်ကို ဖတ်ရပြီး စာဖတ်သူကိုယ်တိုင် မနုစာရီကို အထင်ကြီးသွားစေတာမျိုးပါ ။ ဆရာ မင်းသိင်္ခရဲ့ ကိုယ်ပိုင် အတွေးလား ၊ တခြားက မှီးထားသလားတော့ သေချာမသိဘူးပေါ့။
တစ်ခါတစ်လေတော့လဲ မကြောက်ချင်ယောင်ဆောင်မရတဲ့ အခါတွေလဲရှိတတ်တယ်လေ ။ တစ်နေ့ကျတော့ အဲ့လိုပဲ ရုံးက စစ်ခိုင်းလို့ မက်ဒီကယ် ဆာတီဖီကိတ်တွေ သက်တမ်းတိုးရမယ်ပြောတာနဲ့ သတ်မှတ်ဆေးခန်းကိုရောက်ခဲ့ပါတယ် ။ ပုဂ္ဂလိက ဆေးခန်းလေးပေါ့။ ရှေ့မှာ ဆေးစစ်နေတဲ့ သင်္ဘောသားက ကိုယ့်အသိ ။ သွေးဖောက်ပြီး အခန်းထဲက ထွက်လာတော့  “ ငါလခွား။ နာလိုက်တာကွာ ။ ဖောက်နေတဲ့ ကောင်မလေးက သွေးကြောရှာနေတာတင် နာရီဝက်လောက်ရှိမယ် ။ ” လို့ပြောသွားရော။ ဟိုက် ။ သေပြီဆရာ။ ခဏ တစ်ဖြုတ် အထိုးခံရမဲ့ အပ်ကိုတောင် ဒီလို ကြောက်နေတာ ။ နာရီဝက်လောက်သာ အထိုးခံရလို့ကတော့ သေပြီ ။ ပြီးတော့  ဆေးခန်းပိုင်ရှင်ကလည်း ဒီလို သွေးဖောက်တဲ့နေရာကို ကျွမ်းကျင်သူ ( မနာအောင် မြန်မြန်ဆန်ဆန်လုပ်ပေးတတ်သူ ) ထားတာမဟုတ်ဘူး ။ မကျွမ်းကျင်တဲ့ ကောင်မလေးကို ထားထားတယ် ။ သူ့ အမျိုးလားမသိဘူး ။
(ဆက်ရန် )
Saturday, 11 February 2012
ပေါင်ပေါင်သတ္တိခဲ (၁)
ပေါင်ပေါင်သတ္တိခဲ (၁)
ခေါင်းစဉ်က “ ပေါင်ပေါင် သတ္တိခဲ ” ဆိုတော့ ပေါင်ပေါင် သတ္တိရှိတဲ့ အကြောင်း ကိုပြောချင်တာလား လို့မေးစရာရှိတာပေါ့ ။ အမှန်ကတော့ ခေါင်းစဉ်က ရွဲ့ပြီးပေးထားတာပါ ။ သူရဲဘောကြောင်တဲ့သူတွေကို ဘေးလူတွေက “ အောင်မလေး တော်တော် တော်တဲ့ သတ္တိခဲပဲ ” လို့ ပြောင်လှောင် ရွဲ့ စောင်း ချိတ်ဆက် ကဲ့ရဲ့တတ်ကြတာ ကြားဖူးကြရဲ့ မဟုတ်လား ။ အခုလဲ တကယ်ပြောမှာက ပေါင်ပေါင်သတ္တိမရှိတဲ့ အကြောင်းပြောမှာပါ ။
သတ္တိဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းရှင်းမပြတတ်ပါဘူး ။ အဘိဓာန်မှာ ဘယ်လိုဖွင့်ဆိုမှန်းလဲ ( အခု ဒီစာရေးနေတဲ့ ၂၀၁၂ ဖေဖ၀ါရီလအထိ ) တစ်ခါမှရှာဖွေမကြည့်မိဖူးပါဘူး ။ ဒါပေမဲ့ ဆိုလိုချက်ကတော့ မကြောက်တတ်ရင်သတ္တိရှိလို့ပဲလို့  အဲ့ဒီလို ခပ်လွယ်လွယ်မှတ်ထားလိုက်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းများဆိုတာကို ဖတ်ကြည့်မိလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း မေးတဲ့သူတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ( ၂၀၁၀ မတိုင်ခင် န၀တ နအဖ အစိုးရများလက်ထက်က ) အာဏာဖီဆန်တဲ့ အပြုအမူတွေ လုပ်ဆောင်နေတာ မိမိအပေါ် အန္တရာယ်ရှိလာမှာ မကြောက်ဘူးလား လို့  ( အတိအကျ မဟုတ်ပေမဲ့ ဒီသဘော ) မေးလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလို  ပြန်ဖြေပါတယ်တဲ့ ။ သူလဲ လူထဲက လူပဲဖြစ်လို့ ကြောက်စရာရှိရင်ကြောက်ပါကြောင်း ၊ သို့ သော်လည်း ကြောက်ကြောက်နဲ့ပဲ မှန်ရာကိုလုပ်ပါကြောင်း ၊ သတ္တိဆိုတာ မကြောက်တာကိုခေါ်တာ မဟုတ်ပါကြောင်း ၊ ကြောက်သည့်တိုင်အောင် မှန်ရာကို လုပ်ရဲပြောရဲတာကမှ တကယ့်သတ္တိဖြစ်ကြောင်း ၊ ကြောက်တဲ့ကြားထဲက ဒူးတုန်တုန်နဲ့  မှန်ရာကို လုပ်ဝံ့ သူကို တကယ်သတ္တိရှိသူလို့ပြောရမှာဖြစ်ကြောင်း စသဖြင့်  ( အတိအကျ မဟုတ်ပေမဲ့ ဒီသဘော )  ပြန်ဖြေသွားပါတယ် ။
ပေါင်ပေါင်လဲ ဒီဖွင့်ဆိုရှင်းပြချက်ကလေးကို သဘောကျမိပါတယ် ။  သြော် ဒါက ပေါင်ပေါင့်အနေနဲ့ သတ္တိရှိခြင်း မရှိခြင်းဆိုတဲ့ သဘောတရား အပေါ် ကြိုက်မိတဲ့အယူအဆလေးကို ပြောပြတာပါ ။ အခု တကယ်ပြောချင်တာက ဒီသဘောတရားကိစ္စ မဟုတ်ပါဘူး ။
 တကယ်ပြောမှာက ပေါင်ပေါင်သတ္တိမရှိတဲ့ အကြောင်းပြောမှာပါ ။ ပြောရမဲ့ အကြောင်းကလည်း တိုက်ဆိုင်လာတယ်လေ ။ ဖြစ်ပုံက ဒီလို  ။
တစ်လောက အွန်လိုင်းမှာ ပေါင်ပေါင် ဒီလကုန် ( ၂၀၁၂ ဖေဖ၀ါရီလကုန် ) သင်္ဘောကနေ ပြန်ဆင်းပြီး ရန်ကုန်ပြန်လာတော့မယ်ဆိုတာကို အွန်လိုင်းမိတ်ဆွေတွေဆီကို အကြောင်းကြားရင်း ပြန်ရောက်တဲ့အခါ အွန်လိုင်း ပရဟိတလုပ်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ အကြောင်းကို ပြောလိုက်မိပါတယ် ။ ဒီတော့ aurorageneration@googlegroups.com ဆိုတဲ့ မေးလ်ဂရုက မိတ်ဆွေ တစ်ယောက်က သူတို့အနေနဲ့ ဟိုးအရင်ကတည်းက အွန်လိုင်းအဖွဲ့လေးဖွဲ့ပြီး ပရဟိတ လုပ်ဖူးပါတယ်ဆိုတဲ့အကြောင်း ပြောပြလာတယ် ။ သူပြောသွားတဲ့ ကိစ္စက စိတ်ဝင်စားစရာပါပဲ ။ သူတို့  စလုပ်ဖြစ်တဲ့ အလုပ်က သွေးလှူတာပါတဲ့ ။ အွန်လိုင်းမှာ အခု သွေးလှူတဲ့ အဖွဲ့တွေ မြင်ဖူးတာရှိပါတယ် ။  အများအားဖြင့် အွန်လိုင်းမှာ ချိတ်ဆက်မိတဲ့ လူငယ်တွေက အပြင်မှာ တွေ့ဆုံကြပြီး သတ်မှတ်နေ့ရက် အချိန်တစ်ခုခုမှာ စုပေါင်းပြီး တစ်နေရာရာမှာ သွေးသွားလှူကြတာမျိုးပါ ။ အခု သူတို့အဖွဲ့လေး လုပ်ခဲ့တဲ့ သွေးလှူပုံကတော့ အွန်လိုင်းကလူတွေ အပြင်မှာ တွေ့ပြီး စုပေါင်းပြီး သွေးလှူတာမျိုးမဟုတ်ဘဲ ။ သတ်မှတ်ကာလအတွင်းမှာ မိမိဖာသာ တစ်ဦးချင်းဆီ သတ်သတ်ဆီ သွေးသွားလှူကြပြီး သွေးလှူထားတဲ့ အထောက်အထားစာရွက်စာတန်းတွေကို စကန်ဖတ်ပြီး အဖွဲ့ထဲမှာ သာဓုခေါ်နိုင်အောင် အီးမေးလ်နဲ့  ပြန်ဖြန့်ဝေတာမျိုးပါတဲ့ ။ ဆန်းတော့လဲ အဆန်းပဲနော် ။ အခုတော့ အဲ့ဒီအဖွဲ့လေးလဲ မရှိတော့သလို အဖွဲ့ကလူတွေလဲ တစ်ကွဲတစ်ပြားဖြစ်ကုန်ပါပြီတဲ့ ။ အခုတော့ သွေးအလှူလိုအပ်ရင် မေးလ်ဂရုကိုဆက်သွယ်ပါဆိုပြီး ပြောလာတာပါ ။
အဲ့လို သူများတွေ သွေးလှူတာနဲ့ ပေါင်ပေါင် သတ္တိမရှိတာ ဘာဆိုင်လဲလို့ မေးတော့မလို့လား ။ ဆိုင်တဲ့ အခန်းလာပါပြီ ။ စောစောက မိတ်ဆွေက အဲ့လို သူတို့ သွေးလှူတဲ့အကြောင်း ပြောလာတော့ ပေါင်ပေါင်လဲ ပေါင်ပေါင်နဲ့ သွေးလှူခြင်းကိစ္စ  အစေးမကပ်ခဲ့ပုံကိုပြန်တွေးမိပါတယ် ။
ဒီလိုပါ ။ ပေါင်ပေါင့်အနေနဲ့ သူများတွေ သွေးလှူတာတော့ အများကြီး သာဓုခေါ်ပါတယ် ။  ပေါင်ပေါင်ကတော့  ကိုယ်တိုင်မလှုတာတောင်  ငွေအား လူအား
ကူညီကောင်း ကူညီဖို့  မျှော်လင့်ပါတယ်  ။ တတ်နိုင်သလောက်ပေါ့ ။အများကြိးလဲတတ်နိုင်ပါဘူး ။ သွေးကိုကိုယ်တိုင်လှူဖို့ ကတော့ ငယ်ငယ်ထဲက
“အပ်” ဆိုသိပ်ကြောက်တာ ။  သာမာန်ကြောက်တာမဟုတ်ဘဲ စိတ်ရောဂါဆန်ဆန်ကိုကြောက်တာ။
စိတ်ရောဂါတွေ ထဲမှာ အချွန်ကြောက်တဲ့ ရောဂါ ၊ အမြင့်ကြောက်တဲ့ ရောဂါ ၊ အမှောင်ကြောက်တဲ့ရောဂါ ၊ စတဲ့ အလွန်အကျွံ ကြောက်တဲ့ရောဂါတွေကို ဘာဖိုးဘီးယား ။ ညာဖိုးဘီးယား စသဖြင့် ရောဂါနံမယ်တွေ ရှိကြပါရောလား ။ ( သူတို့  ဆေးပညာအခေါ်တွေ တော့ မခေါ်တတ်ပါဘူး ။ မှတ်လဲ မမှတ်မိဘူး ။ ကိုယ်ကလဲ ဦးဏှောက်က ခပ်ကောင်းကောင်းဆိုတော့ ။ )
ပေါင်ပေါင် ငယ်ငယ်ကနေ တော်တော်အသက်ကြီးတဲ့အထိ ဆေးခန်းမှာ ဆေးထိုးတတ်တဲ့ ဆရာဝန်ဆိုသိပ်မုန်းတာ ။  ဖြစ်ချင်တော့ အမေ့ဦးလေး ဆရာဝန်ကြီးတစ်ယောက် မြို့ သစ် ဘက်မှာဆေးခန်းဖွင့်ထားတာရှိတယ် ။ ပေါင်ပေါင်တို့နဲ့ဆို အဘိုးလေး တော်မှာပေါ့။ အမေကလဲ ငယ်ငယ်ထဲက ပေါင်ပေါင်တို့ မောင်နှမတွေ ကျန်းမာရေးနဲ့ပါတ်သတ်လို့ တစ်ခုခုဆို တခြားဆေးရုံဆေးခန်း မသွားဘဲ သူ့ ဦးလေးဆီ အရင်ဆုံးတန်းပြေးတာပဲ ။ တစ်လောကလုံးမှာ အထူးကုတွေ ဒီလောက်များနေတာကို သူ့ ဦးလေးတစ်ယောက်ပဲ ဆရာဝန်ရှိတယ် မှတ်နေသလားမသိဘူး ။ အစွဲပေါ့ ။ အမေတို့က နယ်ဘက်က ဇာတိဆိုတော့ အဲ့လို အစွဲမျိုး ပိုကြီးတတ်ကြတယ် ထင်ပါရဲ့ ။ ဆွေမျိုးဆိုတော့ အားကိုးတာလဲပါတာပေါ့ ။ ဆွေမျိုးထဲမှာလဲ အဘိုးလေးအပြင် တခြားဆရာဝန်တွေ မရှိတာတော့မဟုတ်ပါဘူး ။ ဒါပေသိ ရှေးလူကြီးတွေလဲခက်တယ် ။ အမေတို့ မောင်နှမတွေ လက်ထက်ကတည်းက နှာစီး ချောင်းဆိုးက အစ ကြီးကြီးမားမားထိ ဒီဦးလေးဆီမှာပဲ အကုခံလာရတော့ ဒီဦးလေး ဆရာဝန်ကြိးက ကြည့်တာ ခံလိုက်ရမှ ၊ နားကြပ်ကလေး ဟိုထောက်ဒီထောက် ၊ မျက်လုံးလေး ဟိုဖြဲဒီဖြဲ ၊ လျှာလေး ဟိုထုတ်ဒီထုတ် မှ မလုပ်လိုက်ရရင် မကျန်းမာတော့ဘူးလို့ အောက်မေ့ တော့တာကိုး ။  ဖြစ်ချင်တော့ ဒီအဘိုးလေးတော်တဲ့ ဆရာဝန်ကလဲ ရှေးဆရာဝန်ကြီး ဆန်သလိုပဲ ။ အမေတို့ကတော့ “ သမားဆို အိုမှ ” ဆိုတာ လက်ကိုင်ထားကြတယ်လေ ။ အဲ့တာက အရေးမကြီးဘူး ။ ဒီ ဆရာဝန်ကြီး တို့ခေတ်က လူနာတွေက ဆေးစားဖို့ ထက် ဆေးထိုးဖို့ ကို ပိုလိုလားကြသတဲ့ ။ ဆေးထိုးခံလိုက်ရမှ သက်သာတယ်ထင်ကြတာတဲ့ ။ ရှေးက သမ၀ါယမ ဆေးခန်းမှာဆို ဆရာဝန်က မလိုအပ်လို့ ဆေးမထိုးပေးရင်တောင်လူနာက မကျေနပ်လို့ အတိုင်ခံရတာတဲ့ ။ ဒီတော့ လူနာကျေနပ်အောင် စတိသဘော မိုးရေတော့ ထိုးပေးကြတယ်ဆိုပဲ ။ ကြားဖူးတာ ပြောတာပါ ။ မှားရင်လဲ ဘွာတေး ။
အမေ့ ဦးလေး ကလဲ ဆေးထိုးဖို့ ဆို လာထားဆိုတဲ့ ဆရာဝန်ကြီးလေ ။ အခု ခေတ်လို ကူးစက်ရောဂါတွေ ဘာတွေ နဲ့ မလိုအပ်ဘဲ ဆေးမထိုးသင့်ဘူး ဘာညာဆိုတာ ခေတ်မစားကြသေးလို့  ထင်ပါရဲ့ ။ သူ့ ဆေးခန်းထဲဝင်လိုက်တာနဲ့ လူနာကို ဆေးထိုးနေတာ တန်းတွေ့ရတော့တာပဲ ။ ၀င်ဝင်ချင်း ဆေးထိုးအပ်ပြုတ်ထားတဲ့ မြင်ကွင်းတွေ ဆေးနံ့ တွေက အော်ဂလီဆန်ချင်စရာ ။ တစ်ခါသုံးအပ် ယဉ်ကျေးမှုလဲ အဲ့ဒီအချိန်က အဲ့ဒီ မြို့ သစ်မှာ ခေတ်မစားသေးတာနေမှာ ။ ရှိတဲ့ အပ်ကိုပဲ ပြုတ်သုံးနေတာတွေ့တာပဲ။
ပေါင်ပေါင်တို့ တစ်ခုခုများဖြစ်ပြီဆို အမေက အဲ့ဆေးခန်းခေါ်သွားရော။ ဟိုရောက်တော့ ဘာမပြော ညာမပြော ဆေးတန်းထိုးတော့တာ ။ ဆေးထိုးကလဲ ကြမ်းချက် ။ တစ်သက်လုံး အပ်ဆို ကြောက်ပါပြီဆိုပြီး ဖြစ်လာတာသာ ကြည့်ပေတော့ ။
အလယ်တန်း ကျောင်းသားအရွယ်ထိ အဲ့ဆေးခန်းရှေ့ကဖြတ်လျှောက်ရင် အာပြဲနဲ့ အော်ငိုတာပဲ ။ အဲ့လို အပ်ကို ရာဇ၀င်နဲ့ ချီပြီး ကြောက်ခဲ့တာလေ ။
နောက်တစ်ခု ပြောရမှာက ပေါင်ပေါင့်အမေက သွေးလှူတာအကြိမ်များလို့ သွေးလှူဘဏ် က ရင်ထိုးလား တံဆိပ်လား ဂုဏ်ပြူလွှာလား ရဖူးတယ်
။ သေချာတော့ မမှတ်မိဘူး ။ ခုတော့အသက်ကြိးလို့ ( သတ်မှတ်အရွယ် ကျော်သွားလို့  ) မလှူတော့ဘူးတဲ့  ။ အရင် အမေသွေးလှူပြီး ပြန်လာရင် သူသွေးလှူတဲ့ နေရာက ရလာတဲ့ မှတ်တမ်းကဒ်ပြားလေး ( ခေါက်ထားတဲ့ ကဒ်ထူပြားလေး ) မှာ အသဲပုံ အနီနဲ့ အဖြူ ထပ်ထားတဲ့တံဆိပ်လေးတွေ တိုးတိုးလာတာကို ပြတတ်တယ် ။ သွေးလှူတာ အရမ်း ကုသိုလ်ရတဲ့ အကြောင်းရှင်းပြတယ် ။ အမေက သူ့ ဖာသာသူ သွေးလှူယုံတင်မကဘူး ။ ကျနော့ကို လှုဖို့ ပြောဖူးတယ် ။ သွေးလှူရင် လျော့သွားတဲ့သွေး
အသစ်ပြန်ဖြစ်တာလဲသိပါရဲ့ ။ ဇီဝိတ ဒါန ကုသိုလ်ရတာလဲ သိပါရဲ့ ။ အပ်ကြိးတန်းလန်းနဲ့ သွေးလှူရမှာကို ခံစားလို့ကိုမရဘူး ။  အမေ့ကို
အပြတ်ပြောလိုက်တယ် ။ လိုချင်ရင် မေ့ဆေးပေးပြီး ဖြစ်ဖြစ် ။ သတိလစ်အောင် ရိုက်ပြီးဖြစ်ဖြစ် မေ့မျောနေချိန်မှာသာ လိုသလောက်သွေးကို
ထုတ်သွားကြပေတော့လို့ ။ ဒီတိုင်းတော့ အပ်နဲ့ ဖောက်မယူရင်ပြီးရော ကြိုက်သလိုလုပ်လို့လေ ။ သွေးမပေးချင်လို့ ကတ်စီးနဲလို့ မဟုတ်ဘူး ။ အပ်ကြောက်လို့ မလှူရဲတာလေ ။ အမေက ဆူလိုက်တာ ။ သတ္တိ ကြောင်လို့တဲ့ ။ နင်တို့ကိုမွေးတုန်းက ငါ့မှာ သွေးကိုဖောက်လိုက်ရတာ ဆေးတွေလဲ ထိုးလိုက်ရတာ လက်ကို စကာပေါက်
ဖြစ်ကရောတဲ့ ။ ဂျင်မခါနာမှာ ပုဇွန်တုန်ကွေးကွေးပြီး ကျောရိုးချဉ်ဆီဖောက်တာပြောပြတော့ နားထောင်နေရင်း ကိုယ်ပါနာလာလို့ ဆက်မပြောနဲ့တော့ဆိုပြီး နားပိတ်ထားလိုက်တယ် ။ အမေက ပြောသေးတယ် ။ နင် နိုင်ငံခြား စစ်တိုက်တဲ့ကားတွေကြည့်စမ်းတဲ့ ။ လက်ပြတ် ခြေပြတ် သွေးတွေ အများကြီးထွက်တာ တွေ့လားတဲ့ ။ ဒါတောင်သူတို့  မကြောက်ဖူးတဲ့ ။ နင့်ကို အပ်သေးသေးလေးနဲ့ဖောက်တာ ဘာကြောက်စရာရှိလဲတဲ့ ။ ပြောလိုက်တယ် ။ အဲ့ဒီ မကြောက်တဲ့သူတွေကို သွားဖောက် လို့  ။ ကျနော်ကတော့ အမေ ပြောချင်တာပြော အသားနာခံပြီး မလှုဘူးပဲ ။ ဒါကြောင့် လှူနိုင်သူတွေကို ချီးကျူးပါတယ် ။ သိပ်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ် ။
ပေါင်ပေါင် အပ်ကြောက်တတ်တာနဲ့ပါတ်သတ်လို့ ပြောရဦးမယ် ။  ပေါင်ပေါင် ကလေးဘ၀က ပေါ့ ။ နဲနဲတောင် ကြီးကောင်ဝင်နေပြီ ။ ( ကန်တော့ပါရဲ့ ) ဖင် ( စအိုဝ ) မှာ ခွဲစိတ်ကောင်း ခွဲစိတ်ရမဲ့ ကိစ္စတစ်ခု ဖြစ်လာပါလေရော ။ အဲ့ဒီအချိန်က သတ်မှတ်ထားတဲ့ အသက်အရ ကလေးဆေးရုံတက်ရတယ် ။ ကလေးဆေးရုံက သတ်မှတ်အရွယ်ထဲမှာ ကိုယ်က အကြီးဆုံးပဲ ။ ကျန်တာက ကိုယ့်ထက်ငယ်တဲ့ ကလေးပုတုကွေးတွေချည်းပဲ ။ မှတ်မိသေးတယ် ဆရာဝန်ကြီးက ဒေါက်တာအေးမောင်ဟန် ။ကိုယ် အင်မတန် မလုပ်ချင်ပါသော သွေးစစ် ဆေးစစ်တွေ လဲ လုပ်လိုက်ရတာ မပြောနဲ့ ။
( ဆေးရုံအတွေ့အကြုံကို ဆက်ရေးပြဖို့အတွက်ကတော့ ကျန်းမာရေးဆိုင်ရာဆိုတော့  စကားလုံးနဲနဲ ညစ်ပတ်တာမျိုး (သို့ )အသုံးအနှုန်း မတတ်တာမျိုးကြောင့် အဆင်မပြေခဲ့ရင် ကြိုတောင်းပန်ပါရစေ။ )
ခွဲစိတ်ခန်းဝင်မဲ့ နေ့ မတိုင်ခင်ညက ဘာမှ မစားရဘူးဆိုတာ မှတ်မိတယ် ။ နောက်နေ့ မနက်မှာ ဆေးရုံက နတ်စ်မ က ဆေးရုံအိမ်သာအနီးက သံကုတင်ပေါ် ခေါ်ပြီး မှောက်ယက်အိပ်ခိုင်းတယ် ။ သူတို့ခေါ်ရင် ဆေးများ ထိုးတော့မလားဟဲ့ဆိုပြီး ကြောက်နေရတယ် ။ ဒါနဲ့ ပြီးတော့ နတ်စ်မ က ဖင်ထဲကို အလုံးခပ်ကြီးကြီး ပိုက်ကြီးထိုးထဲ့ပါလေရော။ ဘာများလုပ်တာလဲပေါ့ ။ ကိုယ့်အသားထဲကို အပ်နဲ့မထိုးရင်ပြီးရော ။ ဖင်ထဲပိုက်ထဲ့တာကတော့ သိပ်မကြောက်ပါဘူး ။ အဆုံးထိ ထိုးထဲ့တာမှ မဟုတ်ဘဲ ။ အ၀လောက်မှာပဲ ထဲ့တာပဲ ကိုး။ သိပ် မနာပါဘူး ။
ပိုက်ရဲ့ အ၀တစ်ဖက်ကို စအိုဝမှာ စွပ်ထားပြီး နောက် ပိုက်တစ်ခုရဲ့အ၀မှာ ဆီတွေ ဘာတွေ ပုလင်းထဲထည့်ရင်သုံးတဲ့ ကန်တော့ကြီး တပ်လိုက်တယ် ။ ပြိးတော့ ဘေးမှာ လက်ဆေးဇလုံ အကြီးစားလောက်ရှိတဲ့ ဇလုံထဲမှာ အသင့်ဖျော်ထားတဲ့ ဆပ်ပြာရည်တွေကို ကန်တော့ကတစ်ဆင့် ပိုက်ထဲကို လောင်းထဲ့ပါလေရော။ ပိုက်ရဲ့ တစ်ဖက်အ၀က ဆပ်ပြာရည်တွေက စအိုထဲကို ဒလဟောဝင်လာတာပေါ့ ။ ဒါတောင် ဆပ်ပြာရည်အကုန်မ၀င်ဘဲ ဘေးလျှံကျနေလို့  သူနာပြုဆရာမက ပိုက်ကို စအိုထဲသေချာ fix ဖြစ်အောင် ပြန်ထိုးထဲ့သေးတာ ။  ဆပ်ပြာရည်တွေ လောင်းထဲ့ လိုက်တိုင်းအေးခနဲနေတာပဲ ။ တစ်ခါမှ အဲ့တာမျိုးမကြုံဖူးတော့ အီလည်လည်ကြီးပေါ့။ အရင်က စအိုဝဆိုတာကနေ အထွက်ပဲရှိခဲ့တာ ။ အခုတော့ ဒါရိုက်ရှင်ပြောင်းပြန် အ၀င်ဆိုတော့ ခံရခက်တာပေါ့ ။ နောက်တော့ အူလမ်းကြောင်းတစ်လျှောက် တင်းသလိုလို ကျပ်သလိုလို နဲ့ ဗိုက်ထဲက ကွိကွိ မြည်လာပြီး ၀မ်းသွားချင်လာရော။ အဲ့တော့မှ အနားက အိမ်သာထဲပြေးဝင်ရတာ ။ နောက်မှ သဘောပေါက်တယ် ။ သြော် ခွဲစိတ်ခါနီးလို့ ငါ့ ကို ၀မ်းချုနေတာကိုး လို့  ။ လူကြီးတွေကလည်း ကြိုမပြောဘူး ။  ကြောက်တတ်မှန်းသိလို့ တဲ့  ။ ဘာမှန်းမသိတာက ပိုကြောက်ဖို့ မကောင်းပေဘူးလား နော့  ။ ထားပါတော့ ။
အဲ့လိုနဲ့ ခွဲခန်းထဲဝင်ဖို့  ခွဲစိတ်အကျီ င်္ဝတ်ပြိးစောင့်ရတယ် ။ အဲ့ဒီ အကျီ င်္ကိုဘာခေါ်လဲတော့မသိဘူး။ ဂျူတီကုတ်လို အကျီ င်္လက်ရှည်ကို နောက်ပြန်စွပ်ထားရတဲ့ဟာကြီးလေ ။ ကျောနဲ့ နောက်ပိုင်းနေရာက ဟောင်းလောင်းပေါ့ ။ မြင်ဖူးကြတယ်မဟုတ်လား။ အဲ့မှာ ပြဿနာက စတော့တာပဲ ။ ခွဲစိတ်ခန်းထဲကို ၀င်ဖို့  အ၀မှာ ဘာမှန်းမသိတဲ့ ဆေးတစ်လုံး တင်ပါးကိုထိုးရမတဲ့ ။ အပ်ကလဲ အကြီးကြီး ကြောက်စရာကြီး ။ ကလေး နံမယ်တွေ အလှည့်ကျခေါ်ပြီး ထိုးပေးနေတာတွေ့တယ် ။
ကိုယ့်အလှည့် တကယ်လဲရောက်ရော ။ ဘာပြောကောင်းမလဲ ။ ဆေးရုံတစ်ခုလုံး ကျွက်ကျွက်ညံသွားတာပေါ့ ။ သူနာပြုတွေကပြောတယ် ။ သြော် အသက်အကြီးဆုံးက သတ္တိခဲပါလားတဲ့ ။ သတ္တိဆိုတာ ဆေးထိုးခံရဲတာ မရဲတာနဲ့တိုင်းလို့ရလားမသိဘူးနော်။ ထားပါတော့ ။ ဟိုး ဘုရင်တွေခေတ်ကတော့ လက်မမှာ သံစိုက်ပြီး တူနဲ့ထုတာကို နောက်မတွန့် တဲ့သူကမှ  သတ္တိရှိတဲ့ သူရဲကောင်းဆိုပြီး သူရဲကောင်းရွေးချယ်ပွဲတွေလုပ်တယ်ဆိုကိုး ။  သူရဲကောင်းဘွဲ့ ရပြီးမှ မေးခိုင်ပိုးဝင်ပြီး ဘယ်နှစ်ယောက် လျှောသွားလဲဆိုတော့ သမိုင်းထဲမသင်လိုက်ရတော့ မသိလိုက်ဘူးရယ်လေ ။
တိုတိုပြောကြရရင် ခွဲခန်းထဲရောက်ကရောဆိုပါတော့ ။ ဆရာဝန်ကြီးက ခွဲစိတ်ခန်းထဲဝင်လာပြီး ကလေးဆိုတော့ မကြောက်အောင် ဟိုပြောဒီပြော ပြောရင်း လိုအပ်တာတွေ ပြင်ဆင်နေတုန်း သူ့ ဘေးက အကူဆရာဝန်တစ်ဦးက ဆေးထိုးအပ်ပြင်နေတာတွေ့ပြန်ရော ။ ဟိုက် ထိုးဦးမယ်တဲ့ ။ သေပြီးဆရာ. ။ ဒီတစ်ခါတော့ မငိုတော့တဲ့အပြင် ဒေါသထွက်ချင်သလိုလို အရွဲ့ တိုက်ချင်သလိုလို ကြီး ဖြစ်သွားတာရယ်။ ရဲရဲတောင် စကား ဟဟ မပြောရဲတဲ့ အထူးကုဆရာဝန်ကြီးကို အသံကျယ်ကျယ်နဲ့ မေးလိုက်တယ် ။ “ဆရာကြီး အဲ့ဒီ အပ်ကြီးက ဘာလဲ ” လို့  ။ ဆရာဝန်ကြီး ရုတ်တရက်ကြောင်သွားတယ် ။ ပြီးမှ “သားကို မေ့ဆေးထိုးမလို့ လေ ” တဲ့ ။ 
အဲ့ဒီတော့မှ ဘယ်က ဘယ်လို သတ္တိတွေ ၀င်နေလဲမသိပါဘူး ။  ခပ်တည်တည်ပြောလိုက်တယ် ။ “ အဲ့ဒါနဲ့မထိုးဘဲ မေ့ဆေးပေးလို့ မရဘူးလား ” လို့  ။
ဆရာဝန်ကြိးက ရယ်တယ် ။ နောက်တော့ ပေါင်ပေါင့်ကို ဆေးမထိုးတော့ပဲ နှာခေါင်းနဲ့ပါးစပ်ကို အစွပ်ကြီးနဲ့စွပ်လိုက်တယ် ။ အသက် ပြင်းပြင်းရှုတဲ့ ။ မေ့ဆေးရှုခိုင်းတာပေါ့ ။  
(ဆက်ရန်)
Thursday, 2 February 2012
2012 January ကို ပေါင်ပေါင် သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်နေစဉ် ( ဖိုတိုတင်တာ စမ်းသပ်တာပါ)
မင်္ဂလာပါ ။ ကျနော်ကတော့ ကိုပေါင်ပေါင်ပါ ။ www.facebook.com/paowyne ဖြစ်ပါတယ်။ ကျနော်က နည်းပညာအားနည်းသူဖြစ်ပါတယ် ။ ဘလော့တစ်ခုကို အခုမှ စမ်းသပ်ပြီး လုပ်ကြည့်တာပါ။ အခု ကျနော် ဘလော့မှာ ဖိုတို တင်တာစမ်းသပ်တဲ့အနေနဲ့  ၂၀၁၂ ဇန်န၀ါရီ လအတွင်း အခု ကျနော် တာဝန်ထမ်းဆောင်နေတဲ့ tanker သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ မကောင်းမကန်း ဖိုတိုလေးတွေကို စမ်းတင်ကြည့်တာပါခင်ဗျာ ။ ပထမပုံကတော့  self igniting light လို့ခေါ်တဲ့ အရေးပေါ် အလိုလျောက်ပွင့် မီးများကို လိုက်လံစစ်ဆေးနေတုန်း ရိုက်ထားတဲ့ပုံပဲဖြစ်ပါတယ်။
ဒီ ဒုတိယပုံကတော့ ကျနော်တို့ သင်္ဘောရဲ့ သက်ကယ်လှေ life boat မှာ ရိုက်ထားတာပါ ။ လေပေးစနစ်ပါတဲ့ totally enclosed life boat အမျိုးအစား ဖြစ်ပါတယ် ။ သင်္ဘောက ၁၉၉၉ က built လုပ်တဲ့ သင်္ဘောဆိုတော့ ဟောင်းနေပြီဖြစ်လို့  life boat ကလဲ သိပ်ခေတ်မမှီ မလှပတော့ပါဘူး ။
ဒီပုံကတော့ သင်္ဘောနောက်ဘက်နားမှာ ရိုက်ထားတာပါ ။ နေပူလို့ ရှုံ့ မဲ့ နေတဲ့ မျက်နှာက ကြည့်မကောင်းပေမဲ့ ပင်လယ်ပြင်ကြီးရဲ့ ကမ်းမမြင် လမ်းမမြင်အလှတရားကိုခံစားရအောင် တင်လိုက်တာပါ။
ဒါကတော့ Life Boat ထဲမှာ စက်နှိုးစမ်းသက်နေတဲ့ပုံပဲဖြစ်ပါတယ် ။
ဖိုတိုများကို အစမ်းတင်ကြည့်တာဖြစ်ပါတယ်ခင်ဗျား ။
( ၃.၂.၂၀၁၂ )
ကိုပေါင်ပေါင် 
eniweniw@gmail.com
ကိုပေါင်ပေါင်ဖတ်နေတဲ့စာမှတ်စု(၁)
မင်္ဂလာပါ ။ လောလောဆယ် ကျနော့ဘလော့အစမ်းသဘောနဲ့ ကျနော်အခုဖတ်နေတဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ညီမလေးရယ်စိုးရိမ်မိတယ် ဆိုတဲ့ ၀တ္တုထဲက အရှေ့ ပိုင်း ဖတ်ပြီးသမျှထဲက ကြိုက်လို့ ကူးထားတဲ့ မှတ်စုလေးကို တင်ပြပြီး ရှဲလုပ်ချင်ပါတယ် ။
“ခင်ဗျားခုထိ ကိုယ်နဲ့ဝါဒမတူရင် စွပ်စွဲရှုတ်ချဘို့ လောက်သာတတ်တဲ့အကျင့် မပျောက်သေးဘူးထင်တယ်။ 
စွပ်စွဲရှုတ်ချတဲ့အကျင့်ဟာ စွပ်စွဲရှုတ်ချတာကိုကြောက်တဲ့ ပြည်သူလူထုတွေ မိုက်မှ မှားမှ ကျွေးမှ မွေးမှ 
ထမင်းစားရတဲ့ နိုင်ငံရေးသမား လူရူး လူပါးအချင်းချင်းသာသုံးကြဘို့ ကောင်းပါတယ် ။ လူမြင်ရာ 
ကိုယ်နဲ့မတည့်တာနဲ့ လျှောက်စွပ်စွဲနေရင် ခင်ဗျားတို့ မှာဘာမှ အကျိုးမရှိဘူး။ 
ရန်သူပိုများလာတာသာအဖတ်တင်မှာဘဲ။”(တက္ကသိုလ် ဘုန်းနိုင်) ( ညီမလေးရယ် စိုးရိမ်မိတယ် )
 “မော်တော်ကားဆိုတဲ့ အဓိပ္ပါယ်က မော်တာတွေ တော်ရင်တော် ၊ မတော်ရင် ကားကုန်လိမ့်မယ်တဲ့ ။ ” 
(တက္ကသိုလ် ဘုန်းနိုင်) ( ညီမလေးရယ် စိုးရိမ်မိတယ် )
“ချစ်တယ်ဆိုတာဟာ ရင်ခုန်တာဘဲဖြစ်ရမှာ။ သူ့ ကွယ်ရာမှာ သူ့ ကိုတွေ့ချင်တယ် ။ တွေ့ပြန်တော့လဲ 
ချွေးစေးတွေပြန်ပြီး ရှက်သလိုကြောက်သလို ရင်မှာခုန်လာပြီး 
အနေရကျပ်လို့ မူးနောက်နောက်ဖြစ်လတယ်။ဒါဟာ ချစ်တာဖြစ်ရမှာဘဲ။ ”
(တက္ကသိုလ် ဘုန်းနိုင်) ( ညီမလေးရယ် စိုးရိမ်မိတယ် )
 “တစ်လောကလုံးမှာ ဟန်ဆောင်မှုကလွဲပြီးဘာမှမရှိဘူး ။ ဟန်ဆောင်သူတွေ အားလုံးထဲမှာ 
အပိရိဆုံးလူကိုသဘာဝအကျဆုံးအဖြစ်နဲ့ လောကဇာတ်ခုံက သရဖူဆောင်းပေးလိမ့်မယ်။”
(တက္ကသိုလ် ဘုန်းနိုင်) ( ညီမလေးရယ် စိုးရိမ်မိတယ် ) 
 “မင်းတို့ဟာကမဟုတ်သေးပါဘူး။ ငါးခုံးမတစ်ကောင်ကြောင့် 
တစ်လှေလုံးပုတ်အောင်ဝါးလုံးချီးသုတ်ရမ်းတာကိုး။ ဟို စတုတ္တမဏ္ဍိုင်ဆိုပြီး မဟုတ်က မဏ္ဍိုင်ဖြစ်ကြတဲ့ 
တစ်ချို့ သတင်းစာတွေက သတင်းထောက်တစ်ချို့ နဲ့တယ်တူတာပဲ ”
(တက္ကသိုလ် ဘုန်းနိုင်) ( ညီမလေးရယ် စိုးရိမ်မိတယ် ) 
“ ဟကောင်ရ ။ ကျောင်းသားအခွင့်အရေး ကာကွယ်ပေးဖို့ ဆိုတာက ဒို့ အထက်လူတွေက
ဒို့ ရန်သူတွေမို့ ဒို့ကိုတမင်ချုပ်ချယ်နေတာမို့လား။ 
ဒို့ အထက်က ဆိုတာဟာ ဒို့ ဆရာတွေပဲ မဟုတ်လား။ အစိုးရက ချုပ်ချယ်ရအောင်ဆိုတာကလဲ 
နိုင်ငံခြားအစိုးရလဲမဟုတ်။ တော်ပါကွာ ။ မင်းတို့ဟာ တော်တော်ကြာ သားသမီးအခွင့်အရေးကာကွယ်ရေး 
မိဘဆန့်ကျင်ရေးအဖွဲ့များဖွဲ့အုန်းမလား မသိဘူး” (တက္ကသိုလ် ဘုန်းနိုင်) ( ညီမလေးရယ် စိုးရိမ်မိတယ် )
လောလောဆယ် ဖတ်ပြီးသလောက်ထဲက ကျနော်ကြိုက်တဲ့ စာသားတွေပါ ။ မိတ်ဆွေများလဲ 
မဖတ်ရသေးတဲ့သူရှိရင်ဖတ်ကြည့်လိုက်ပါနော် ။  
၃.၂.၂၀၁၂